Laptop ဝယ်တော့မယ်ဆို သိထားရမယ့် အချက်များ

Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။ Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။

PC ဝယ်မယ်ဆိုရင် PC အကြောင်းလေးတော့ သိထားသင့်ပါတယ်။ ဒါမှ ကိုယ်စီးတဲ့မြင်း အထီးလား အမလား ခွဲခြားနိုင်မှာပါ။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။

Brands အမှတ်တံဆိပ်များ

Laptop ထုတ်လုပ် တပ်ဆင်ရောင်းချတဲ့ ကုပ္မဏီအမှတ်တံဆိပ်တွေကတော့ အများကြီးပါ။ ဒါပေမယ့် ပြည်တွင်းမှာတော့ Dell, Lenovo, Acer, MSI, Asus, hp, Toshiba နဲ့ Samsung တို့သာ ရရှိနိုင်ပါတယ်။ အခြား Brand တွေကိုတော့ အနည်းအကျဉ်းသာ ရရှိနိုင်ပါတယ်။ Brand တွေတိုင်းမှာ Series တွေ ရှိပါတယ်။ အဲဒီ Series တွေက Brand တစ်ခုတည်းမှာကိုပဲ အရည်အသွေးတွေ ကွာခြားသွားပါတယ်။

ဥပမာ – Dell မှာဆိုရင် Inspiron series တွေဟာ ဘတ်ဂျတ်သက်သာလိုသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ အကြမ်းခံမှုတွေမှာ အရမ်းကို အားနည်းတာတွေ့ရပါတယ်။ အခြား Brand တွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် Brand ကို ရွေးချယ်တဲ့အခါမှာ Series အလိုက် ကြည့်ရှု ဝယ်ယူဖို့ လိုအပ်ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်ဆိုပြီး ပုံအပ်ပြီး ဝယ်ယူလို့ မရနိုင်ပါဘူး။

Processor (CPU)

CPU ဆိုတာ Central Process Unit ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ Computer ဝယ်တော့မယ်ဆိုရင် Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Processor ကို အဓိကထားပြီး ရွေးချယ်ရပါတယ်။ လက်ရှိမှာ အများဆုံး အသုံးပြုနေတဲ့ Computer CPU တွေကတော့ Intel CPU နဲ့ AMD CPU ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီ CPU နှစ်မျိုးမှာ Intel ကို အသုံးပိုများပြီး AMD ကိုလည်း သုံးကြပါတယ်။ Intel နဲ့ AMD နဲ့ ဘာကွာသလဲဆိုရင် Intel က ပါဝါစားသုံးမှု AMD ထက်ပိုနည်းပါတယ်။

ဒါပေမယ့် ဈေးနှုန်းအရဆိုရင် Intel က AMD ထက်ပိုများပါတယ်။ CPU တွေမှာ Core ဘယ်လောက်ပါတယ်ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။ Core များရင် ပိုကောင်းပါတယ်။ နောက်တစ်ခုက Clock speed ပါ။ Clock speed များရင် ပိုကောင်းပါတယ်။ Clock speed ကို Hertz နဲ့ ဖော်ပြတာ ဖြစ်ပြီး ယူနစ်အနေနဲ့ Hz ဆိုပြီး တွေ့နိုင်ပါတယ်။ နောက်တစ်ခုက Generation ပါ။ 1 generation ကနေ 7 generation အထိ ရှိပါတယ်။ 7 Generation ကတော့ အကောင်းဆုံးပါပဲ။

Memory (RAM)

Memory ဆို Computer ရဲ့ ဒုတိယ အသက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု CPU ဆီကိုရောက်ဖို့ Memory ပေါ်ကနေ ဖြတ်သန်းလုပ်ဆောင်ရပါတယ်။ CPU လိုအပ်တာတွေကို Storage ကနေပြီး Memory ပေါ်ကို တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Memory ပမာဏနဲ့ Memory speed များလေ CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အသုံးချနိုင်လေ ဖြစ်ပါတယ်။ CPU များပြီး Memory နည်းနေမယ်ဆိုရင် CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ ခံစားရနိုင်မှာ မဟုတ်ပါဘူး။ Memory များလေ ကောင်းလေပဲ ဖြစ်ပါတယ်။ Memory အနည်းဆုံး 4 GB ရှိသင့်ပါတယ်။

Storage

Storage မှာ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ Hard Disk Drive (HDD) နဲ့ Solid State Drive (SSD) တို့ပဲ ဖြစ်ပါတယ်။ HDD နဲ့ SSD မှာ HDD က အစစ အရာရာမှာ အားနည်းတယ်လို့ ဆိုရမှာပါ။ အားသာချက်အနေနဲ့ ဈေးသက်သာတာ တစ်ခုပဲ ရှိပါတယ်။ HHD က Data input/output transfer လုပ်တဲ့အခါမှာ 200 MB/s ပဲ ရရှိပါတယ်။ SSD ကတော့ 200 MB/s ကနေ 2500 MB/s အထိ ရရှိနိုင်တဲ့အတွက် HHD ထက် ဆယ်ဆကျော် မြန်တယ်လို့ ဆိုရမှာပါ။

Power မရှိပဲ Data သိမ်းတဲ့အခါမှာတော့ HDD က SSD ထက်ပိုပြီး ကြာကြာသိမ်းနိုင်ပါတယ်။ SSD ကတော့ Power မရှိပဲ သိမ်းမယ်ဆိုရင် ၁ နှစ်ကနေ ၂ နှစ်အတွင်းပဲ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Power ရှိတယ်ဆိုရင်တော့ ၁၀ နှစ်အထိ သိမ်းဆည်းနိုင်ပါတယ်။ HHD ကတော့ တစ်နေရာတည်းမှာ Data တွေကို ဖျက်လိုက် သိမ်းလိုက် လုပ်တာ များလာတဲ့အခါမှာ Data ပျက်တတ်ပါတယ်။ SSD မှာတော့ အဲဒီ ပြဿနာမရှိပါဘူး။ ဒီတော့ ကိုယ့်လိုအပ်ချက်နဲ့ ဘတ်ဂျတ်အပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။

Display

Display ဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကြီးတာ သုံးမလား၊ သေးတာ သုံးမလား ဆိုတာပါပဲ။ များသောအားဖြင့် Display တွေက Full HD တွေ ပါပဲ။ နောက်တစ်ချက်က LED လား၊ LCD လား ဆိုတာ ရွေးချယ်ရမှာပါ။ LED ဆိုတာ Light Emitting Diodes ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ LCD ဆိုတာ Liquid Crystal Display ကို အတိုကောက်ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးကတော့ Liquid Crystal Display တွေပဲ ဖြစ်ပါတယ်။

LED နဲ့ LCD ဘာကွာသလဲဆိုတော့ LCD က Fluorescent lights ကို အသုံးပြုပြီး LED ကတော့ Light emitting diodes ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် LED က LCD ထက် ပါဝါပိုသုံးပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကို ပေးပါတယ်။ နောက်တစ်ကတော့ Display ဟာ ရှေ့တည့်တည့်ကြည့်မှ မြင်ရတာလား ထောင့်စုံက ရှင်းရှင်းလင်းလင်း မြင်ရလားဆိုတာပါပဲ။

Graphic

Graphic ကတော့ ပိုကောင်းတဲ့ 3D ရုပ်ထွက်ကို ရရှိစေ ဖြစ်ပါတယ်။ Graphic card ပါတာနဲ့ Onboard graphic ပါတာကို ဒီဇိုင်းလုပ်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှသာ သိသိသာသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Graphic card သီးသန့်ထည့်ထားတာနဲ့ Onboard graphic နဲ့ ဘာကွာသလဲဆိုရင်တော့ Onboard graphic က Graphics Processing Unit (GPU) အတွက် PC ရဲ့ Memory (RAM) ကို အသုံးပြုရပါတယ်။

ဒီတော့ Memory ကို မျှသုံးရတဲ့အတွက် PC ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းစေပါတယ်။ Graphics card သီးသန့်ထည့်သုံးတာကတော့ Graphics card မှာ GPU အတွက် သီးသန့် Memory ပါပြီးသား ဖြစ်တဲ့အတွက် GPU ကလည်း သီးသန့်၊ Memory ကလည်း သီးသန့်ဆိုတော့ PC ရဲ့ လုပ်ဆောင်ချက်ကို မထိခိုက်စေပဲ Graphics အတွက် သီးသန့် အလုပ်လုပ်ခိုင်းသလို ဖြစ်စေပါတယ်။ ဒါကို ဂိမ်းကြီးတွေနဲ့ ဒီဇိုင်းကြီးတွေ လုပ်တဲ့အခါမှာ သိသာစေပါတယ်။

Battery

Laptop ဝယ်တော့မယ်ဆိုရင် ဘက်ထရီကိုလည်း မေ့ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Laptop ဝယ်ပြီဆိုကတည်းက အလွယ်တကူ သယ်ယူပြီး ရောက်တဲ့နေရာ မီးရှိရှိ မရှိရှိ ပါဝါဖွင့် သုံးဖို့အတွက်ပါ။ ဒါကြောင့် Laptop ရဲ့ ဘက်ထရီ ဘယ်လောက်ကြာကြာခံတယ်ဆိုတာလည်း Laptop ဝယ်ယူရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Laptop battery ရွေးချယ်တဲ့အခါမှာ Battery cell ဘယ်လောက်ပါလည်းဆိုတာ ကြည့်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ဥပမာ – Battery ဆိုတဲ့နေရာမှာ Li-ion 4 Cells သို့မဟုတ် 3 Cells battery ဆိုပြီး ဖော်ပြတတ်ကြပါတယ်။ Cell များလေ ကြာကြာအသုံးခံလေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီရဲ့ အမျိုးအစားနဲ့ mAh အပေါ်လည်း မူတည်ပါသေးတယ်။ ဘက်ထရီမှာ mAh များများပါတာက ပိုပြီးကြာကြာ အသုံးခံပါတယ်။ ဒါကြောင့် mAh များပြီး Cell များများပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Network

Network မှာ Wireless နဲ့ Cable ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Wireless မှာတော့ Laptop တော်တော်များများ အတူတူပါပဲ။ Cable မှာဆိုရင်တော့ Data transfer rate နှစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ Gigabyte LAN နဲ့ 100 Megabyte LAN ဆိုပြီး ဖြစ်ပါတယ်။ သာမန်အသုံးပြုဖို့လောက်ဆို 100 Megabyte LAN နဲ့ အဆင်ပြေပေမယ့် Network မှာ အလုပ်ကြီးကြီးမားမား ခိုင်းဖို့ဆိုရင် Gigabyte LAN ကို ရွေးချယ် ဝယ်ယူရမှာ ဖြစ်ပါတယ်။

Optional

ရွေးချယ်စရာ သိပ်မလိုတာတွေလည်း ရှိပါတယ်။ Bluetooth, DVD Drive, Card Reader စသည်တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဘာလို့ရွေးချယ်စရာမလိုဘူးလည်းဆိုရင် သိပ်ပြီး အသုံးမတည့်တော့လို့ပါပဲ။ Bluetooth မှာ 3.0, နဲ့ အထက် ရှိပါတယ်။ မြင့်တာ ပိုကောင်းတာပေါ့။ Bluetooth ကိုပဲ မြင့်တာကိုလိုက်ရွေးဝယ်နေမှာ မဟုတ်ပါဘူး။ DVD Drive ဆိုရင်လည်း ပါတာ မပါတာကိုပဲ ရွေးချယ်စရာလိုပါတော့တယ်။ DVD Drive ပါတယ်ဆိုရင် Super Multi Read/Write ရပြီးသားပါ။ Card Reader ကလည်း အရေးကြီးတဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။ မပါရင် External ဝယ်သုံးလို့ရနိုင်ပါတယ်။

အချုပ်အားဖြင့် Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘတ်ဂျတ် ဘယ်လောက်သုံးမှာလဲ။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကိုယ်လုပ်ခိုင်းရမယ့် အလုပ်နဲ့ ကိုက်ညီမလားဆိုတာ ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ သုံးဖို့၊ အင်တာနက် သုံးဖို့လောက်ဆိုရင် Celeron, Pentium 2.4 GHz မြန်နှုန်းလောက်ဆိုရင် အဆင်ပြေပါတယ်။

ရုံးသုံးဖို့ဆိုရင်တော့ အနည်းဆုံး Pentium 2.4 GHz ကနေ Core i3 2.4 လောက်ကို သုံးသင့်ပါတယ်။ ရုံးသုံးက Excel တွေ သုံးမှာ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ရုံးသုံးကိုမှ ဖိုင်တွေအများအပြားဖွင့်ပြီး အလုပ်လုပ်ဖို့လိုတယ်ဆိုရင်တော့ Memory ကို 8 GB ထားရှိပြီး OS ကို 64 bit အသုံးပြုဖို့ လိုအပ်မှာပါ။

IT သမားတစ်ယောက်အနေနဲ့ Network တွေ စမ်းဖို့ Programming တွေ ရေးဖို့ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz လောက်ကို Gigabyte LAN နဲ့ သုံးသင့်ပါတယ်။ Laptop ကို ရွေးချယ်ရာမှာလည်း OS တစ်ခုတည်းအတွက် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေကို မရွေးချယ်သင့်ပါဘူး။ Lenovo မှာ Windows အတွက် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။ အဲဒါမျိုး ဝယ်မိလို့ Linux ကို သုံးချင်တဲ့အခါ Driver ပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် Computer နဲ့ အရင်းနှီးဆုံးနေရမယ့် IT သမားတစ်ယောက်အတွက် Computer ဟာ အရာအားလုံးအတွက် Free ဖြစ်နေဖို့ လိုအပ်ပါတယ်။

ဒီဇိုင်းသမားတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကို Graphics card နဲ့ အနည်းဆုံး Memory 8 GB သုံးနိုင်ရင် အဆင်ပြေပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီဇိုင်းက ရုပ်ပိုင်းကိုသာ အဓိက အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Storage ကို SSD သုံးမယ်ဆိုရင် ဒီဇိုင်းဖိုင်တွေ ဖွင့်တဲ့အခါမှာ စောင့်ဆိုင်းချိန်ကို လျော့ချပေးမှာ အသေအချာပါပဲ။

ဂိမ်းမာတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကနေ အမြင့်ဆုံးတွေကိုပဲ ညွှန်းလိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ဂိမ်းအသစ်အသစ်တွေက ပိုမိုကောင်းမွန်အောင် ဖန်တီးလာကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဂိမ်းတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးလာသလို အဲဒီ ဂိမ်းတွေကို ပံ့ပိုးပေးတဲ့ Device တွေကိုလည်း ပိုမိုစွမ်းဆောင်ရည်ရှိအောင် ဖန်တီးလာကြပါတယ်။ ဒါကြောင့် ဂိမ်းကစားဖို့ဆိုရင်တော့ အမြင့်ဆုံးတွေသာ သုံးရမှာပါ။ အနည်းဆုံးအနေနဲ့ ပြောရရင်တော့ Core i3 2.4 GHz, Graphic 2 GB card, Memory 8 GB, Storage 1 TB (HDD), Gigabyte Network တို့ကို သုံးနိုင်ပါတယ်။

ဒီလောက်ဆို Laptop တစ်လုံးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာ နားလည်လောက်ပြီလို့ ထင်ပါတယ်။

ခုလိုဗဟုသုတဝေမျှပေးခြင်းအတွက် မူရင်းဆောင်းပါးရှင်ကိုကျေးဇူးတင်ပါသည်..

https://www.myanmarenduser.com/tips-for-buying-laptop/?fbclid=IwAR0L5bbQzsWmh5KEpI5uyVVazHDM6OucDi9hIQ_Ae9QRNrq8E5q8nW0sxjI

 

 

Comments